ရန်ကုန်မြို့ရဲ့ ၁၈ မိုင်အကွာမှာ အမျိုးသမီးတွေချည်းပဲ စုပေါင်းပြီး သာသနာပြုနေတဲ့ ရွာလေးတရွာရှိပါတယ်။ အဲ့ဒီရွာလေးရဲ့ အမည်ကတော့ ဗောဓိဆာယာတောရလို့ခေါ်တဲ့ ထေရီမတို့ရွာဖြစ်ပါတယ်။ ဗောဓိဆိုတာ ဘုရားဖြစ်ပြီး ဆာယာကတော့ အရိပ်ဖြစ်တာကြောင့် ဘုရားရဲ့ အရိပ်အောက်မှာ ခိုလှုံပြီး သာသနာပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရွာလေးကို သီလရှင် ဆရာလေး ဥပ္ပလဝဏ္ဏာထေရီ က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေစုပြီး သာသနာပြုဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာပါ။
ထေရီမတို့ ရွာအကြောင်းကို ပြောပြရမယ်ဆိုရင်တော့ ဆရာလေး ဒေါ်ဥပ္ပလဝဏ္ဏာထေရီရဲ့ အကြောင်းမပါဘဲ မပြည့်စုံနိုင်ပါဘူး။
ဆရာလေး ဒေါ်ဥပ္ပလဝဏ္ဏာထေရီဟာ လူ့ဘဝမှာ B.Sc ၊ M.Sc၊ Ph.D ပါရဂူဘွဲ့တွေကိုရရှိခဲ့ပြီး ဗုဒ္ဓဓမ္မစာပေတွေနဲ့ပတ်သက်လို့လည်း သီတဂူ ဗုဒ္ဓပါဒက ဒီပလိုမာ၊ လယ်တီကမ္မဌာနာစရိယစတဲ့ ဘွဲ့တံဆိပ်တော်တွေအပါအဝင် ဘွဲ့တံဆိပ်အများအပြား ရရှိခဲ့သူဖြစ်ပါတယ်။
ဗုဒ္ဓဓမ္မဆိုင်ရာ ပရိယတ္တိ၊ ပဋိပတ္တိပညာရပ်တွေကိုလေ့လာဆည်းပူးပြီး သာသနာ့ဝန်ကို လူဝတ်နဲ့ပဲ ထမ်းဆောင်နေရင်း သဒ္ဒမ္မဇောတိက ဓဇ ၊ မဟာ သဒ္ဒမ္မဇောတိက ဓဇ စတဲ့ ဘွဲ့တွေကိုလည်း ရရှိဆွတ်ခူးခဲ့ပြန်ပါတယ်။
ဆရာလေးဟာ အဘိဓမ္မာ၊ ပဌာန်း၊ ပဋိစ္စသမုပ္ပါဒ် သင်တန်းတွေ၊ လယ်တီမူ အနာဂါမ်ဆရာသက်ကြီးနည်းနဲ့ ဝိပဿနာသင်တန်း၊ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း၊ သာသနာပြုစွမ်းရည်မြင့်သင်တန်းတွေမှာလည်းပို့ချခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် အရောက်မှာတော့ ဆရာလေး ဥပ္ပလဝဏ္ဏာထေရီအဖြစ် သာသနာ့ဘောင်ထဲဝင်ရောက်ပြီး ထေရီမတို့ရွာကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ထေရီမတို့ရွာအကြောင်းကို ပြန်ဆက်ရမယ်ဆိုရင်တော့ ဒီရွာလေးမှာ သီတင်းသုံးနေကြတဲ့ သီလရှင်တွေဟာ အနယ်နယ်အရပ်ရပ်က ပုံစံမျိုးစုံနဲ့ သာသနာပြုဖို့ ရောက်ရှိလာကြတာဖြစ်ပါတယ်။ ထေရီမတို့ရွာတည်နေရာကတော့ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၈ မိုင်မှာဖြစ်ပြီး ရပ်ဝေးရပ်နီးက သာသနာ့အနွယ်ဝင်တွေ သာသနာပြုကိစ္စရပ်တွေအတွက် သွားရောက်ခိုလှုံလို့ အကောင်းဆုံးနေရာတခုလည်းဖြစ်ပါတယ်။
တရားထိုင်တာကစပြီး စင်္ကြန်လျှောက်တာအဆုံးအထိ မနက် ၃ နာရီကနေ ညအထိ တရားဘာဝနာ အလုပ်တွေကို ဖိဖိစီးစီးလုပ်နေတဲ့ သီလရှင်တွေရဲ့ ရွာလေးတရွာပဲဖြစ်ပါတယ် ခင်ဗျား။
27 сен 2022