ဖမ်းဆီးမိခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့ စကားဝိုင်းဖွဲ့ခဲ့တဲ့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော
ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောနဲ့ သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သား ၈ ဦးနဲ့အေးအေးဆေးဆေး ဝိုင်းဖွဲ့ စကားပြောနေတဲ့ ဗီဒီယိုဖိုင်ကို Cobra Column ကနေ ဒီနေ့ မနက်ပိုင်းမှာ ဖြန့်ဝေလာခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ထဲမှာ ဗိုလ်ဒါဘောက အာဏာရှင်စနစ်ကို သူတို့ ဘာကြောင့် တွန်းလှန်တိုက်ထုတ်နေရတယ်ဆိုတာကို အာဏာရှင်ရဲ့ အောက်ခြေစစ်သားတွေကို ရှင်းပြခဲ့ပါတယ်။
အားငယ်နေတဲ့ စစ်သုံ့ပန်းတွေအတွက်လည်း ဗိုလ်ဒါဘောက ရိုးရှင်းတဲ့ အားပေးစကားတွေ ပြောပေးခဲ့တာ တွေ့ရပါတယ် ။
နိုင်ငံ နဲ့ တပ်မတော်ကို လက်ဝါးကြီးအုပ်ခြယ်လှယ်နေတဲ့ အာဏာရှင်တစုကို တိုက်နေတဲ့တိုက်ပွဲမှာ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက အောက်ခြေရဲဘော်တွေအပေါ်ထားတဲ့ သူ့ရဲ့စေတနာကို အခုလို ပြောပါတယ်။
အဲဒီနောက် စစ်ကြောင်းမှူးကြီး ဗိုလ်ဒါဘောက စစ်သုံ့ပန်းတွေ စိတ်တင်းကြပ်မှုတွေ ၊ စိုးရိမ်စိတ်တွေ လျော့ပါးသက်သာစေဖို့ သူတို့တွေရဲ့ မိသားစုအရေးတွေကို ပေါ့ပေါ့ပါးပါး စကားတွေနဲ့ နွေးထွေးစေခဲ့တာကို တွေ့ရပါတယ်။
စစ်သုံ့ပန်းတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်တပ် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောလေ့ပြောထ ရှိတဲ့ ဝါဒဖြန်ချိရေး ယူနစ်အကြောင်းကို နောကျေနေခဲ့တဲ့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ဖမ်းဆီးမိခဲ့တဲ့သူတွေဟာ စစ်သားအစစ်တွေလား အတုတွေလားဆိုတာကို သက်သေပြနိုင်ဖို့ သူတို့ရဲ့ ကိုယ်ပိုင်နံပါတ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေအကြောင်းကိုလည်း မိတ်ဆက်ခိုင်းခဲ့တာကို တွေ့ရပါတယ်။
26 июл 2022