K2K ပရိသတ်များအားလုံးမင်္ဂလာပါခဗျာ။ ဒီတစ်ခေါက်အလှည့်ကျလာတဲ့ ကဏ္ဍကတော့ သိပ္ပံ ကဏ္ဍပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်သိပ္ပံ ကဏ္ဍအတွက် ရွေးချယ်ထားတဲ့ အကြောင်းအရာလေးကတော့ ကျွန်တော်တို့ နိုင်ငံမှာ ခုလက်ရှိ လူသုံးများလာတဲ့ ပစ္စည်းအကြောင်းအရာလေးပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ ဘက်ထရီ ဆိုတဲ့ပစ္စည်းအကြောင်းလေးပဲဖြစ်ပါတယ်။
00:00 - 01:20 - Animal Electricity
01:20 - 02:26 - Volta Experiment
02:57 - 03:15 - Three things about Battery
03:15 - 04:47 - Anode, Cathode & Electrolyte
လူတော်တော်များများက ဘက်ထရီ ကို မြင်ဖူးတွေ့ဖူးကြားဖူးကြမယ်ဆိုတာ သေချာပါတယ်။ သို့သော် သိပ္ပံ အခြေခံလေးနဲ့ တွဲပြီး သိတဲ့သူကတော့ နည်းမယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့လို့ လူသုံးများလာတဲ့ ဒီပစ္စည်းလေးကို အကြောင်းပြုပြီး အခြေခံသိပ္ပံ သဘောတရားလေးကို ရှင်းပြပေးဖို့ စီစဥ်ထားပါတယ်။
ထုံးစံအတိုင်း ဘက်ထရီအကြောင်းလေး ကို သမိုင်းကြောင်းလေးနဲ့ စပြီး ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့တွေ ခေါ်ခေါ်နေတဲ့ ၁၂ ဗို့ အိုးတို့ ဘယ်နဗို့ ဘယ်နဗို့ စသဖြင့် ပြောနေကြတဲ့ ဗို့ဆိုတာဟာ တကယ်တော့ ၁၈၀၀ ဝန်းကျင်လောက်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးကနေ စတင်လာခဲ့တာပဲဖြစ်ပါတယ်။ ၁၇၈၀ ခုနှစ်လောက်က အီတလီလူမျိုး သိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ ဂါဗာနီ (Galvani) က လျှပ်စစ်နဲ့ပတ်သက်တဲ့ အရာတစ်ခုကို ထူးဆန်းစွာတွေ့ရှိခဲ့တယ်ဗျ။ အဲ့ဒါကတော့ သတ္ထုချိတ်မှာ ချိတ်ထားတဲ့ ဖားကို သတ္ထုပစ္စည်းတစ်ခုနဲ့ ထိလိုက်တဲ့အခါမှာ ဖားသေက ထ လှုပ်လာတာကို တွေ့ခဲ့တာဖြစ်ပါတယ်။ ဒါကို သူက ဖားရဲ့အတွင်းက လာတဲ့ လျှပ်စစ်ဓါတ်လို့ ထင်ပြီး Animal Electricity ဆိုတဲ့ အကြောင်းကို တင်ပြခဲ့ပါတယ်။
ဒါကို ကနဦးမှာ သဘောကျခဲ့တဲ့ အလဇန်းဒါ ဗိုတာ က ဂါဗာနီပြောတဲ့ လျှပ်စစ်သည် ဖားရဲ့ ခန္ဓာကိုယ်အတွင်းက လာတာမဟုတ်ပဲ ဖားကိုချိတ်ဆွဲထားတဲ့သတ္ထုကြိုးနဲ့ ဖားကို သွားထိတဲ့ သတ္ထုပစ္စည်းနှစ်ခုကြားက လာတဲ့ လျှပ်စစ်ဖြစ်တာကို သတိထားလာခဲ့မိပါတယ်။
ဒါကို သက်သေပြဖို့အတွက် zinc (သွပ်) နဲ့ silver (ငွေ) သတ္ထု နှစ်ချပ်ကို အထပ်ပေါင်းများစွာ ထပ်ပါတယ်။ ပြီးတော့နှစ်ခုကြား ဆားငံရည်စိမ်ထားတဲ့ အဝတ်စခံပြီး ဝါယာကြိုးနဲ့ လျှပ်စစ်စီးမစီး စမ်းသပ်ပြခဲ့ပါတယ်။
ဒါ့အပြင် zinc နဲ့ silver ထပ်ထားတဲ့ အစုံများများသုံးလေ ရတဲ့ လျှပ်စစ်အားက ပိုကောင်းလေဆိုတာကို လည်း တွေ့ရှိခဲ့ပါတယ်။ ပြီးတဲ့အခါ ဒီစမ်းသပ်ချက်ကို Royal Society လို့ခေါ်တဲ့ လန်ဒန်က အဖွဲ့အစည်းအထံကို ပေးပို့ခဲ့ပါတယ်။ သူ့ရဲ့ တွေ့ရှိချက်ဟာ ဥရောပ တခွင်မှာ တော်တော်လေး ရေးပန်းစားသွားပြီး လူတော်တော်များများရဲ့ လေးစားခြင်းကိုခံခဲ့ရပါတယ်။ အဲ့ထဲမှာ ဥရောပ စစ်ဘီလူး နပိုလီယံ လည်းပါဝင်ခဲ့ပါတယ်။
ဒါကြောင့်လည်း ခု ကျွန်တော်တို့တွေ အလဇန်းဒါး ဗိုတာ ကို အဆွဲပြုပြီး electric potential ကိုတိုင်းတာ တဲ့ ယူနစ်ကို ဗို့လို့ ခေါ်နေကြရတာလည်းဖြစ်ပါတယ်။ အကယ်၍များ ဒါကို ရှာဖွေတွေ့ရှိခဲ့တဲ့လူက ကိုစိန်လှ ဆိုရင်ခုလောက်ဆို လျှပ်စစ်ဗို့အားတွေကို ၁၂ စိန်လှလို့ ၂၂၀ စိန်လှတို့ ခေါ်ချင်ခေါ်နေရမှာပေါ့နော်။
ဘက်ထရီအကြောင်းကို ရှင်းရမယ်ဆိုရင် အရာ (၃) ခုကို သိရမယ်လို့ ထင်ပါတယ်။ ဘာတွေလဲဆိုတော့
Anode
Cathode
Electrolyte
ဆိုပြီး (၃) မျိုးဖြစ်ပါတယ်။
ခုနက အပေါ်မှာဖော်ပြခဲ့တဲ့ ဗိုတာရဲ့ စမ်းသပ်ချက်ဟာ ဘက်ထရီအသေးစားဖြစ်တာကြောင့် သူ့ကိုပဲ ပြန်ပြီး ဥပမာပေးရင်း ဒီအရာ(၃) ခုကို ရှင်းချင်ပါတယ်။
သို့သော် မိတ်ဆွေတို့သိရမှာက လျှပ်စီးကြောင်း current သည် electron စီးကြောင်းနဲ့ ပြောင်းပြန်ဖြစ်တယ်ဆိုတာပါ။ ဘာလို့လဲမေးရင်တော့ လျှပ်စစ်စီးတာကို လူသားတို့ အရင်သိခဲ့ပြီး electron စီးတာကို နောက်မှ သိလာခဲ့ကြတဲ့အတွက် စံထားမှုအရ အဲ့ဒီလိုပဲသတ်မှတ်ခဲ့ကြလို့ဖြစ်ပါတယ်။
Cathode
Cathode ဆိုတာကကျပြန်တော့ ဘက်ထရီမှာ အပေါင်းလို့ ရေးထားတဲ့ ငုတ်တိုင်လေးကို ဆိုလိုတာဖြစ်ပါတယ်။ သူက anode က ပို့လွှတ်လိုက်တဲ့ electron တွေကိုလက်ခံတဲ့ အရာဖြစ်ပါတယ်။ Volta ရဲ့ စမ်းသပ်ချက်မှာဆိုရင် silver သည် cathode ဖြစ်ပါတယ်။ cathode က electron တွေ ကိုလက်ခံလိုက်တဲ့အခါ လျှပ်စီးပတ်လမ်း တစ်ပတ်ပြည့်သွားမှာဖြစ်ပါတယ်။ သို့သော် anode ဘက်ကနေ အဆက်မပြတ် electron တွေကို ပို့ပေးပြီး cathode ကနေ ဒီ electron တွေကို အဆက်မပြတ် လက်ခံနိုင်နေနိုင်မှ လျှပ်စစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာ ပစ္စည်းတစ်ခုလိုပါသေးတယ်။ အဲ့ဒါကတော့ Electrolyte ပဲဖြစ်ပါတယ်။
Electrolyte
Electrolyte ဆိုတာ ဘက်ထရီထဲမှာ ထည့်ထားတဲ့ အရာဖြစ်ပြီးတော့ အရည်လည်းဖြစ်နိုင်သလို အစိုင်အခဲ ပုံစံလည်းဖြစ်နိုင်ပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်က ဘက်ထရီအိုး တွေမှာဆို အက်ဆစ် (acid) သည် electrolyte အရည် ဖြစ်ပြီး ကားဘက်ထရီ၊ ဓါတ်ခဲ စတာတွေမှာသုံးတဲ့ electrolyte သည် အရည်မဟုတ်တာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ anode က electrolyte နဲ့ ဓါတ်ပြုပြီး အမဓါတ်ဆောင်တဲ့ electron တွေကို ဝါယာကြိုးအတွင်းစီးဆင်းစေသလိုပဲ oxidize ဖြစ်ခြင်းကထွက်လာတဲ့ အဖိုဓါတ်ဆောင်တဲ့ ions တွေကိုလည်း electrolyte ထဲမှာ ပျော်ဝင်စေပါတယ်။
7 май 2022