မြန်မာ့ စစ်ချီတေးများအတွင်း ပျော်ဝင်နေသော ဂျပန်စစ်ချီသီချင်းများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စစ်ပွဲများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ရန် သေနင်္ဂဗျူဟာများ တတ်ကျွမ်းခြင်း၊ ခေတ်မီလက်နက်များ ပိုင်ဆိုင်ထားခြင်း၊ အင်အား ကြီးမားသော စစ်တပ်ရှိခြင်း စသည့်အချက်များသည် အဓိက ကျသကဲ့သို့ ပါဝင်တိုက်ခိုက်သော စစ်သားများ၏ စိတ်ဓာတ်တက်ကြွနေရန်မှာလည်း အထူး လိုအပ်သည်။ လူသားများသည် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်သတ်ဖြတ်ခြင်း မပြုမီ မာန်သွင်းအော်ဟစ်ခြင်းကို ပြုလုပ်လေ့ရှိသည်။ လူပေါင်း များစွာ ပါဝင်သော တိုက်ပွဲကြီးများ တိုက်ခိုက်ရာတွင် ရန်သူ့တပ်ရှိရာသို့ တဟုန်ထိုးချီတက်ရာ၌ တပ်ဖွဲ့ တစ်ခုလုံးမှ လူများ စုပေါင်း အော်ဟစ်သံများသည် ရန်သူ့တပ်ကို ပိုမို ခြောက်ခြားစေနိုင်သည်။ တူရိယာ ပစ္စည်းများ ပေါ်ပေါက်လာချိန်တွင် စစ်ပွဲကြီးများအတွင်း အသံဖြင့် အချက်ပြရန်အတွက်သာမက စစ်သားများ စိတ်ဓာတ်တက်ကြွလာစေရန် တီးခတ်အသုံးပြုခဲ့ကြသည်။ ထို့နောက် စစ်သားများ သီဆိုရန် စစ်ပွဲအတွက် သီးသန့် ရေးဖွဲ့ထားသော စစ်ချီတေးများ ပေါ်ပေါက်လာခဲ့သည်။ စစ်တပ်များတွင်လည်း စစ်သီချင်းများ တီးခတ်ရန် တပ်ဖွဲ့ (ဘင်ခရာတပ်ဖွဲ့)ကို ဖွဲ့စည်းလာကြသည်။ မြန်မာ့ရာဇဝင်တွင်လည်း စစ်မတိုက်မီ ကာချင်းများ သီဆိုခြင်း၊ စစ်စည် စစ်မောင်းများ တီးခတ်ခြင်း စသည်ဖြင့် စစ်သားများ၏ စိတ်ဓာတ်ကို နိုးကြား တက်ကြွစေရန် ဂီိတဖြင့် လှုံဆော်ပေးခဲ့ကြောင့် အထင်အရှား တွေ့ရှိရသည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များသည် ဟိုင်နန်ကျွန်းတွင် စစ်ပညာ သင်ကြားခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army - BIA) ကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့၌ ၁၉၄၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၄၂ ခုနှစ် ဇန်နဝါရီလတွင် ဂျပန်တပ်များနှင့်အတူ စစ်ကြောင်းများခွဲ၍ မြန်မာပြည်အတွင်းသို့ ချီတက်ခဲ့ပြီး အင်္ဂလိပ်စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။ ဂျပန်စစ်တပ်က စစ်ပညာသင်ကြားပေးခဲ့သော ရဲဘော်သုံးကျိပ်ဦးဆောင်သည့် ဘီအိုင်အေတပ်သည် တပ်၏ ဖွဲ့စည်းပုံ၊ ယူနီဖောင်းများနှင့် အမိန့်ပေးပုံများကအစ ဂျပန်စစ်တပ်၏ ပုံစံကို အတုယူကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကနဦးကာလများတွင် စစ်ချီတေးများကိုလည်း ဂျပန်စစ်ချီတေးများမှ သံစဉ်များကို ယူကာ မြန်မာစာသားများဖြင့် အစားထိုး၍ သီကုံးရေးဖွဲ့ခဲ့ကြသည်။ ထိုစစ်ချီသီချင်းများသည် ကြားရသူများ၏ စိတ်ကို တက်ကြွစေခဲ့ပြီး ဘီအိုင်အေတပ်၏ တပ်သားသစ် စုဆောင်းမှုအတွက် များစွာ အထောက်အကူ ပြုခဲ့သည်။
Admin အဖွဲ့က အဆိုပါ စစ်ချီတေးများနှင့် မူရင်း ဂျပန်စစ်ချီသီချင်းများကို ပြန်လည်ရှာဖွေခဲ့ရာတွင် ၂ ပုဒ်သာ တွေ့ရှိခဲ့ပါသည်။ မူရင်း ဂျပန်စစ်ချီသီချင်းဖြစ်သော Hohei no Honryō (Specialty of Infantry) ကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် ပြန်လည်ရေးစပ်ထားသည့် ဗမာပြည် ကာကွယ်မည် (မူရင်းစာသား) သီချင်းနှင့် ဂျပန်စစ်ချီသီချင်း Gunkan māchi (Man of War) သီချင်းကို ပြန်လည်ရေးစပ်ထားသည့် ဗမာတို့ရဲ့ တပ်မတော် (မူရင်းစာသား) သီချင်းတို့ ဖြစ်ပါသည်။ ဗမာတို့ရဲ့ တပ်မတော်သီချင်းကို ရေးသားသူအမည်ကို ရှာဖွေ မတွေ့ရှိခဲ့ပါ။ သိရှိသူများ ပြန်လည်ဖော်ထုတ်ပေးရန် တောင်းဆိုပါသည်။ မဆလအစိုးရလက်ထက်တွင် စစ်ချီသီချင်းစာသားများကို ပြောင်းလဲမှု ပြုလုပ်ခဲ့သောကြောင့် မူရင်းစာသားဖြင့် သီဆိုထားသည့် သီချင်းများ မတွေ့ရှိရတော့ဘဲ ပြုပြင်ထားသည့် စာသားများဖြင့် သီဆိုထားသည့် စစ်ချီသီချင်းများကိုသာ ဖော်ပြလိုက်ရပါသည်။ မူရင်းစာသားများကို စာဖြင့် ဖော်ပြထားပါသည်။
မြန်မာမှု ပြုထားသော ဂျပန် သံစဉ်စစ်ချီသီချင်းများ များစွာ ကျန်ရှိနိုင်ပါသေးသည်။ သမိုင်းကြောင်း အထောက်အထားတစ်ခု ပြည့်စုံသွားစေရန်အတွက် သိရှိသူများ ကူညီပေးကြပါခင်ဗျာ။ ဗီဒီယိုဖိုင်ထဲတွင် ရှာဖွေတွေ့ရှိခဲ့သော မူရင်း ဂျပန် စစ်ချီသီချင်းများနှင့် မြန်မာမှု ပြုထားသော စစ်ချီသီချင်းများကို တစုတစည်းထဲ ဖော်ပြထားပါသည်။ ကြာချိန် ၉ မိနစ် ၅၅ စက္ကန့်
ဗမာပြည် ကာကွယ်မည် (မူရင်းစာသား) (ရေးသူ-ဗိုလ်ရဲထွဋ်)
ဗမာပြည် ကာကွယ်မည် တပ်မတော်ချီလာပြီ
သေသည် ရှင်သည် တို့မမှုတော့ပြီ
အာဇာနည်ပီပီ တိုက်ဖို့လိုက်ခဲ့သည်
ဗမာပြည် ဗမာပြည် သွေးနဲ့ နီးခဲ့သည်
ဒီပြည် မြေတွေရယ် တို့ပိုင်နိုင်စေကွယ်
လူငယ်လူရွယ် စစ်ထဲဝင်လို့ရယ်
မခင်တွယ် မကြင်တယ် ချစ်သူစွန့်လို့ရယ်
တိုက်ပွဲကိုကွယ် တွေ့အောင်ရှာခဲ့တယ်
သာကီဆွေ လာပြီလေ ရဲရဲတောက်မောင်တွေ
အန္တရာယ် အထွေထွေ ကျော်လွှားခဲ့ကြပေ
ကမ္ဘာမကြေ မြန်မာတွေ တို့ပြည် တို့ပိုင်စေ
သေမင်းဆွေရေ သစ္စာနှံဖို့လေ
ဗမာတို့ရဲ့ တပ်မတော် (မူရင်းစာသား)
ဗမာ ဗမာ ကမ္ဘာပေါ်မှာ ကြွားနိုင်စေဖို့ရာ
ဗျူဟာပညာ တို့အမျိုးသားတို့ နားလည်စေချင်တာ
ဗျူဟာပညာ သင်ကြားကြဖို့ ကြိုးစားတို့မြန်မာ
တို့အမျိုးငဲ့ အကျိုးတွက်တာ သယ်ပိုးစေဖို့ရာ
သေနင်္ဂမှာ ထိပ်တန်းကသာ
လူငယ် တစ်တွေဟာ ဗမာတို့ရဲ့တပ်မတော် ၀င်ရန်အချိန်သင့်တော်
ဗမာအောင်လံ ဗမာထောင်ရန် တို့တာဝန်ကြီးပါ
အာဇာနည်တွေ တို့သွေးချွေးနဲ့ ရင်းနိုင်စေပြန်တာ
အာဇာနည်တွေ လွတ်လပ်ရေးအတွက် စွမ်းဆောင်ခဲ့ပေတာ
တို့အမျိုးနဲ့ တို့တိုင်းတွက်တာ သယ်ပိုးစေဖို့ရာ
အောင်လံထွန်းပြောင် ကြယ်ပေါင်းခကာ
ဗမာ အောင်လံပါ
ဆောင်ရန်ကျင်းတော့ အလင်းရောင်ပေါ်
မြန်မာတို့ရဲ့ တပ်မတော်
5 мар 2018