စက်တင်ဘာ - ၁၂ ၊၂၀၁၈
တာမွေမှာဖြစ်ပွားခဲ့တဲ့ ဓား၊ လှံ၊ ပုဆိန် လက်နက်စုံ နဲ့ အုပ်စုလိုက်ဝိုင်းခုတ်ထိုးနှက်ခဲ့တဲ့ တရားခံတွေကို ညတွင်းချင်း ပဲဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ လူသတ်မှုမှာ ပါဝင်ကျူးလွန်သူ ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သွားဖမ်းချိန်မှာ ပြန်လည်ခုခံသူတစ်ဦးကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကတော့ မနေ့က ညပိုင်းက စတင်ခဲ့တာပါ။
မနေ့က ညနေပိုင်း ငါးနာရီအချိန်က ကျိုက္ကဆံ လမ်းမပေါ်က ကလေးကစားတဲ့ဆိုင်မှာ တာမွေမြို့နယ်နေ လင်မယားနှစ်ဦးဟာ သူတို့ရဲ့ သားဖြစ်သူကို တခြားကလေးတစ်ဦးက ကစားစရာသေနတ်နဲ့ ထုနေတာကိုတွေ့တာကြောင့် မထုဖို့ ပြောရာကနေ အဲဒီကလေးရဲ့ မိခင်ဖြစ်သူနဲ့ စကားများရန်ဖြစ်ခဲ့တာဖြစ် ပါတယ်။
ဒီလို စကားများရန်ဖြစ်တာနဲ့ပတ်သက်ပြီး ၀င်းထွဋ်ဝင်းဆိုသူက ကစားစရာသေနတ်နဲ့ထုခံရတဲ့ ကလေးမိခင်ရဲ့ ဖအေ ဖြစ်သူဆီ ဖုန်းဆက်ကာ “မင်းတို့စောက်ချိုးမပြေဘူး မင်းတို့ကို လာခုတ်မယ်” ဟု ပြော ပြီး ဖုန်းထဲမှာ လည်း အပြန်အလှန်စကားများခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလို ဖုန်းနဲ့ အပြောခံရပြီးတဲ့နောက်မှာတော့ မိသားစုလိုက် တိုက်အောက်ကို ဆင်းလာချိန်မှာပဲ ကားသုံးစီး ရောက်လာပြီး ကားပေါ်ကနေ လူတစ်စုဆင်းလာပြီး လှံတွေ ၊ ဓားတွေနဲ့ ပြေးဝင်ထိုးခုတ်တာ လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ဒီလို ဝိုင်းဝန်းထိုးခုတ်တာကြောင့် ကလေးမိခင်ရဲ့ ဖခင် ၊ အမျိုးသားဖြစ်သူ နဲ့ အိမ်က အလုပ်သမား တို့ ဒဏ်ရာ ရခဲ့ပြီး အမျိုးသားဖြစ်သူကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသချိန်မှာ သေဆုံးသွား တာလို့ သိရပါတယ်။
တာမွေမြို့နယ် ဟာလက်ရှိ သမ္မတဦးဝင်းမြင့် ၂၀၁၅ ရွေးကောက်ပွဲ တုန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။
တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့် ကတော့ ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာ လုံခြုံရေးပိုင်းကို ပိုပြီးဂရုစိုက်သွားမယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်မှာပါဝင်တဲ့ ကျူးလွန်သူ ရှစ်ဦး ကို ဖမ်းမိတဲ့အပြင် ပြစ်မှု ကျူးလွန်ရာမှာ အသုံးပြု တဲ့ သက်သေခံပစ္စည်းတွေကို လဲ သိမ်း ဆည်းနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရုပ်သံသတင်းထောက် - စောအောင်မင်းဦး
14 окт 2024